အသက်ငယ်ငယ်အရွယ်ရွယ် မှတ်ပုံတင်သွားလုပ်တုန်းက စဉ်းစားမိတဲ့ အကြောင်းအရာလေးကို ပြန်လည် သတိရမိပါတယ်။ လူမျိုး.. ဗမာ၊ ကိုးကွယ်သည့်ဘာသာ.. ဗုဒ္ဓဘာသာဆိုတဲ့ စကားရပ်လေးပါ။ ငယ်ရွယ်စဉ်က ဘယ်လိုထင်မိလည်း ဆိုရင် ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာဆိုရင်ကို ငါတို့ ဗမာလူမျိုးတွေပဲ ကိုးကွယ်ရတာ ဖြစ်လိမ့်မယ်လို့ ထင်မိတဲ့ အတွေးလေးပါ။ အသက်အရွယ် ကြီးလာတာနဲ့ အမျှ ဗဟုသုတလေးတွေ သိလာပြီး ဗုဒ္ဓဘာသာဆိုတာ ငါတို့ ဗမာလူမျိုးမှ မဟုတ်ပါဘူး.. ကျန်တဲ့ လူမျိုးတွေရော ကိုးကွယ်လို့ရတဲ့ ဘာသာဆိုတာ သိလာရတာပါ။ ဘာလို့ ဒီအကြောင်းလေး ပြန်သတိရမိတာ ပြောချင်လည်းဆိုတော့.. ဗမာလူမျိုး ဆိုရင်ကို ဗုဒ္ဓဘာသာနဲ့ ကင်းကွာလို့ မရဘူးဆိုတာ အလိုလိုကို သိရမယ်ဆိုတဲ့ သဘောလေးကို သိစေချင်တာပါ။ ယခုအချိန်မှာလည်း စစ်မှန်တဲ့ ထေရ၀ါဒကို အများဆုံး ကိုးကွယ်နေတဲ့ နိုင်ငံဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ အများဆုံး ကိုးကွယ်နေကြတာပါ။ ဒီတော့ မြန်မာလူမျိုးအများစုဟာ ဗုဒ္ဓဘာသာဝင်တွေ အများစု ဖြစ်နေကြပြီးတော့ ဗုဒ္ဓရဲ့ အဆုံးအမတွေကို လိုက်နာ ကျင့်ကြံနေထိုင်ကြတဲ့သူတွေလို့ ပြောလို့ရပါတယ်။
ဗုဒ္ဓဘာသာဝင်ဆိုတဲ့ အဓိပ္ပါယ်က ဘုရားအဆုံးအမကို လိုက်နာကျင့်ကြံသူ ဆိုတဲ့ အဓိပ္ပါယ်ပါ။ ကျွန်တော့တို့ လူမျိုးတွေဟာ ဘုရားအဆုံးအမကို လိုက်နာကျင့်ကြံနေကြတဲ့ သူတွေဖြစ်တဲ့အတွက် ဘုရားရှင်ဟာ ကျွန်တော်တို့တွေရဲ့ ဆရာလို့ ပြောလို့ရပါတယ်။ ဒီတော့ တပည့်မကောင်းရင် ဆရာ့ခေါင်း ဆိုတဲ့ စကားကရှိနေတော့.. ကျွန်တော်တို့တွေ မကောင်းဘူးဆိုရင် ကျွန်တော်တို့ကို သင်ပြဆုံးမပေးတဲ့ ဆရာမကောင်းဘူးလို့ သက်ရောက်ရာ ရောက်ပါတယ်။ တချို့ကျတော့လည်း ဆရာက ဘယ်လောက် ကောင်းကောင်း တပည့်က ကောင်းချင်မှ ကောင်းတာရှိသလို.. ဆရာဘယ်လောက်ညံ့ညံ့ တပည့်က ဆရာ့ထက် တော်ကြ ထက်ကြတာတွေလည်း အများသား မဟုတ်လား.. ဒီတော့ တပည့်မကောင်းတိုင်း ဆရာ့ခေါင်းလို့တော့ ပြောလို့ မရပါဘူး။ ပြောလို့မရဘူး ဆိုပေမယ့်.. လူအများစုကတော့ မင်းပုံမလာရင် မင်းဆရာ ဘယ်သူလဲ.. မင်းမိဘ ဘယ်သူလဲနဲ့ မေးကြတာ များပါတယ်။ နောက်တစ်ခုက သားသမီး မကောင်းရင် မိဘခေါင်းတဲ့.. ကျွန်တော်တို့မိဘတွေရဲ့ ဆရာကို ပြန်ကြည့်မယ် ဆိုတော့လည်း ဗုဒ္ဓမြတ်စွာပါပဲနော်။ ဒီတော့.. ကိုယ်ကဆိုးနေမိုက်နေမယ် ဆိုရင်တော့ ကိုယ့်ကို ဆုံးမသွန်သင်ပေးတဲ့ ဆရာညံ့လို့လို့ အများဆုံး ယူဆထားကြတဲ့အတွက်.. ကိုယ်ဆိုးမယ်ဆိုရင် ဗုဒ္ဓက ကိုယ့်ကိုထိန်းရတဲ့ လူဆိုးထိန်း အလိုလိုဖြစ်သွားသလို.. ကိုယ်ကောင်းမယ် ဆိုရင်လည်း ဗုဒ္ဓက ကိုယ့်ကိုထိန်းရတဲ့ လူကောင်းထိန်း အလိုလို ဖြစ်သွားတာပါ။
ကိုယ့်ကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ ဗုဒ္ဓရဲ့ အဆုံးအမတွေ လူတွေယုံကြည် ကိုးကွယ်လာနိုင်သလို.. ကိုယ့်ကြောင့်လည်း ဗုဒ္ဓရဲ့ အဆုံးအမတွေ ဖျက်ဆီးမိမှန်းမသိ ဖျက်ဆီးရာ ရောက်နေတတ်ပါတယ်။ ယခုအချိန်အခါမှာ နိုင်ငံရပ်ခြား အများအပြားမှာ ကျွန်တော်တို့လူမျိုးအများစု စီးပွားရေးတွေ သွားရောက် လုပ်ကိုင်နေကြတာတွေ ရှိတယ်.. ကျောင်းတက်နေကြတာတွေ ရှိပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း ကိုယ်ပြောလိုက်တဲ့ အပြုအမူတစ်ခုဟာ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာကို ထိခိုက်စေမယ့် အပြုအမူမျိုးတွေ မလုပ်မိဖို့ အရေးကြီးပါတယ်။ ကိုယ်ဟာ ဘယ်နိုင်ငံမှာပဲနေနေ ဘယ်နေရာမှာပဲ ရောက်ရောက်.. ကိုယ်ကိုးကွယ်နေတဲ့ ဘာသာကတော့ ဗုဒ္ဓဘာသာပါ။ ဒါ့ကြောင့်.. ဗုဒ္ဓဆုံးမခဲ့တဲ့ စကားတွေ အတိုင်း လိုက်နာကျင့်ကြံ နေထိုင်သွားတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ ပြောတော့သာ ဗုဒ္ဓဘာသာ.. ဗုဒ္ဓရဲ့အဆုံးအမတိုင်း တစ်ခုမှလိုက်မလုပ်ပဲ ဆန့်ကျင့်ဘက် လုပ်နေမယ်ဆိုရင်တော့ ဗုဒ္ဓကို လူဆိုးထိန်းအဖြစ် ကိုယ်ကိုယ်တိုင် အသွင်ပြောင်းလိုက်တာနဲ့ တူပါတယ်။
ကိုယ်က ဘယ်နိုင်ငံမှာနေနေ.. ဘယ်နေရာ ရောက်ရောက်.. ဘယ်အလုပ်ပဲ လုပ်လုပ်.. ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာရဲ့ တန်ဖိုးတွေ လျော့ကျစေမဲ့ အပြုအမူတွေ.. နှိမ့်ချပြောဆိုခံရမယ့် အပြုအမူတွေ မဖြစ်မိဖို့ အင်မတန် အရေးကြီးပါတယ်။ ကိုယ်တစ်ယောက် မကောင်းတာနဲ့ မင်းတို့လူမျိုးတွေက အဲ့လိုပဲလား? မင်းတို့ကိုးကွယ်တဲ့ဘုရားက အဲ့လိုပဲဆုံးမထားလား ဆိုတဲ့စိတ်မျိုး တခြားလူမှာ ထင်သွားမယ်ဆိုရင် ကိုယ်ကိုယ်တိုင်က ဘုရားအဆုံးအမကို ဖျက်မှန်းမသိ ဖျက်နေတာပါနော်။ ကိုယ်ကိုးကွယ်နေတဲ့ ဗုဒ္ဓကိုပါ အလိုလို ထိခိုက်နေတာပါ။ ဘယ်နေရာပဲ ရောက်နေရောက်နေ.. ဘယ်သူတွေဘာတွေ မကောင်းတာပဲ လုပ်နေလုပ်နေ ကိုယ်မလုပ်မိဖို့ အရေးကြီးပါတယ်။ ကိုယ်မကောင်းတာတစ်ခုခု လုပ်လိုက်ပြီဆိုရင် ဗုဒ္ဓက ကိုယ့်ကိုထိန်းရတဲ့ လူဆိုးထိန်း ဖြစ်သွားပြီဆိုတာ မမေ့ဖို့ အရေးကြီးပါတယ်။ ဒီတော့.. ကိုယ်က မကောင်းတာတစ်ခုခု လုပ်မယ်.. ပြောမယ်.. ကြံမယ်ဆိုရင် ကိုယ်က ဘယ်သူ့တပည့်လည်းဆိုတာ အရင်ဆုံး မေးလိုက်ပါနော်။
ကိုယ်လုပ်နေတဲ့အလုပ်.. ကိုယ်ပြောနေတဲ့ အပြော.. ကိုယ်ကြံစီနေတဲ့ အတွေးအကြံတွေ မကောင်းဘူးဆိုရင် ကိုယ့်ကိုကိုယ် သတိပေးလိုက်ပါ.. ဗုဒ္ဓ ငါ့ကြောင့် လူဆိုးထိန်း မဖြစ်ပါစေနဲ့ ဆိုတဲ့ စကားလေးကို။ လောဘဖြစ်တော့မယ် ဆိုရင်လည်း ငါ့ကြောင့် ဗုဒ္ဓ လူဆိုးထိန်း မဖြစ်ပါစေနဲ့.. ဒေါသတွေ မောဟတွေ ဖြစ်တော့မယ် ဆိုရင်လည်း င့ါကြောင့် ဗုဒ္ဓ လူဆိုးထိန်း မဖြစ်ပါစေနဲ့ ဆိုတာလေး စိတ်ထဲမှာ အမြဲတွေးပြီး မကောင်းမှုတွေ တတ်နိုင်သမျှ နည်းအောင် လုပ်နေဖို့ လိုပါတယ်။ နောက်ဆုံး.. စကားတစ်ခွန်း ပြောလိုက်တာကအစ ကိုယ့်ကြောင့် ဗုဒ္ဓ လူဆိုးထိန်း ဖြစ်သွားစေမယ် ဆိုတဲ့ သဘောမျိုး သက်ရောက်သွားမယ် ဆိုရင်တောင် ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဒီလိုမျိုး ကိုယ့်ကြောင့် ဗုဒ္ဓလူဆိုးထိန်း မဖြစ်ပါစေနဲ့ ဆိုတဲ့ စကားလေး စိတ်ထဲကနေရွတ်ပြီး မကောင်းမှုတွေ ရှောင်နေတာကိုက တရားကျင့်နေတာပါနော်။ ဒီအချက်လေးကပဲ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား ဆိုတဲ့ စကားလေးကို မီးမောင်းထိုးပြပေးနေတာပါ။ ဒါ့ကြောင့် ဘယ်နေရာရောက်ရောက် ဘာတွေလုပ်လုပ် ဘယ်သူတွေနဲ့ ဆက်ဆံရ ဆက်ဆံရ ကိုယ့်ကြောင့် ဗုဒ္ဓ လူဆိုးထိန်း မဖြစ်ပါစေနဲ့ ဆိုတဲ့ စကားလေးသာ လက်ကိုင်ထားပါ။ အဲ့လိုလက်ကိုင်ထား ကျင့်ကြံရင်းနဲ့ပဲ အကုသိုလ်တွေ နည်းနိုင်သမျှ နည်းပြီးတော့ ကုသိုလ်တွေ တိုးတိုးလာမှာ မလွဲပါဘူးနော်။ ဓမ္မမိတ်ဆွေအပေါင်း ဗုဒ္ဓကို လူဆိုးထိန်းအဖြစ် မရောက်စေပဲနဲ့.. ကုသိုလ်ကို များအောင်စုပြီး ကောင်းမှုကို များအောင်ကြံကာ မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။
စာရေးသူ။ မောင်ကောင်း
No comments:
Post a Comment