တောနက်လာတဲ့နောက်မှာ ကလေးနှစ်ယောက်က အဖေနဲ့ကွဲပြီး လမ်းပျောက်သွားတယ်။ သမီးကြီးက မောင်လေးရဲ့ လက်ကို ကိုင်ထားပြီး အဖေ့ကို လိုက်ရှာလေတယ်။ အဖေ့ကို လိုက်ရှာလေ … မတွေ့တော့လေ ပဲ။ အဖေကိုယ်တိုင်က လမ်းစဖျောက်လိုက်တယ် ဆိုတာကို ကလေးနှစ်ယောက်က
မသိလဲ မသိဘူး၊ တွေးထင် ရလောက်အောင်လည်း ဉာဏ်မီအုံးမှာ မဟုတ်သေးဘူး။ ဘာကြောင့်လဲ ဆိုတာကိုလည်း တွေးတတ်အုံးမှာ မဟုတ်ဘူး။
တကယ်တော့ မိထွေးက လင်ပါ သမီးနဲ့ သားကို ဘယ်လိုမှ လက်မခံလို့ ဖခင်ဖြစ်သူက သမီးလေးနဲ့ သားကို တောနက်ထဲ သွားပစ်ထားခဲ့ရတာ။ ဒါဟာ ကြားဖူးနေကျ ဒဏ္ဍာရီပုံပြင်လို့ ထင်ကြမှာ။ ခုဟာက ၂၀၀၆ ဇူလိုင်လက ထိုင်း-မြန်မာ နယ်စပ်ရွာက တကယ့်အဖြစ်မှန်ပါ။ ကလေးနှစ်ယောက်က အဖေ့ကို လိုက်ရှာရင်း အဖိုးကြီးတယောက်ကို တွေ့တယ်။ ကလေးက အားရဝမ်းသာနဲ့
"ဖိုးဖိုး ဘယ်ကိုပြန်မှာလဲ ဟင်?"
" သမီးတို့က --- --- --- ရွာ၊ ဇုံ --- --- မှာ နေတယ်။ သမီးက --- ကျောင်းမှာ ၂ တန်း ကျောင်းနေတယ်။ သမီးတို့ကို ပြန်လိုက်ပို့ပေးပါနော်လို့ …” တောင်းပန်ကြတယ်။
ကလေးလေး နှစ်ယောက်က မိုးသည်းထဲမှာ တုန်နေတယ်။ ချမ်းနေတာရော၊ ကြောက်နေတာရော ပေါ့။ အဖိုးကြီးက တွေးမိတယ်။
“ဒီလို တောနက်တဲ့နေရာမှာ ဘယ်ကလေးမှ မရောက်နိုင်ဘူး။ ဒါဟာ လူ ကလေးတွေ မဟုတ်နိုင်ဘူး။ ငါ့ကို တောခြောက်နေတာ။ ဒါဟာ နာနာဘာဝ သရဲ …” ဆိုပြီး ထွက်ပြေးရော။
ကလေးနှစ်ယောက်ကလည်း အဖိုးကြီးနောက်ကို ပြေးလိုက်တယ်။ ဒါပေမဲ့ လိုက်မမီခဲ့ဘူး။ အဖိုးကြီး ရွာပြန်ရောက်သွားတယ်။ ၁ရက်၊ ၂ရက်၊ ၃ရက်… စိတ်ထဲမှာ မပျော်ဘူး။ ကလေးနှစ်ယောက်ကို မျက်စိထဲပဲ မြင်ယောင်နေတယ်လေ။ စိတ်ထဲ တမျိုးကြီး ဖြစ်နေတာမို့ ရွာက ရွာလူကြီးတွေကို ပြောပြတယ်။ တာဝန်ကျတဲ့ နယ်စပ်လူကြီးတွေနဲ့အတူ အဲဒီတောထဲကို သွားပြန်ကြည့်တော့ သစ်ပင်ကြီးကြီး တပင်အောက်မှာ လဲရက်နဲ့ အမဖြစ်သူက မောင်လေးကို ဖက်ထားရင်းနဲ့ နှစ်ယောက်စလုံး အသက် မရှိကြတော့ဘူး။
အခု ဖြစ်ရပ်မှာ လူသားမဆန်ဘဲ မိန်းမဘက်လိုက်တဲ့ ဖခင်ကို အပြစ်တင်မလား။
သွေးသားမဟုတ်လို့ လက်မခံနိုင်တဲ့ မိထွေးကို အပြစ်ပြောမလား။
လူမှန်း မသိ သရဲမှန်း မသိတဲ့ အဖိုးကြီးကိုပဲ အပြစ်ဖို့မလား။
ဘယ်သူက ဘာဖြစ်တယ် စသည်ဖြင့် အပြစ်ရှာနေမယ့် အစား၊

ခု... ကလေးလေး နှစ်ယောက်ရဲ့ ဝိဥာဉ်က အသနားခံ နေတယ်...
တောင်းဆိုနေတယ်...
ရွာကို ပြန်ပို့ပေးဖို့ မဟုတ်ဘူး...
အဖေ့အိမ်ကို ပို့ပေးဖို့ မဟုတ်ဘူး...
အသိတရား … မေတ္တာတရား... အကြင်နာတရား ... အမှောင်ချ ခံထားနေရတဲ့ နေရာတွေမှာ …
သူတို့နှစ်ယောက်လို အဖြစ်ဆိုးမျိုး ထပ်မဖြစ်ရလေအောင် ကူညီပေးကြဖို့ပဲ။
*** လူသားအချင်းချင်း စာနာနိုင်ကြပါစေလို့ ဆုတောင်းရင်း...

No comments:
Post a Comment